Monday, December 8, 2014

ကျောက်ထက်က အက္ခရာ ✏ မောင်ငယ်ရင်သွေး

ကျောက်ထက်က အက္ခရာ


အခွင့်ရေး ရခဲ့မယ်ဆိုရင်ပေါ့...
အဖေ့ရဲ့ ကြမ်းရှရှ လက်ဝါးပြင်ထက်
ပါးပြင်အပ်လို့ ခဏလောက်
မှေးစက်ခွင့်ရ ချင်မိတယ် အဖေ....။

အခွင့်ရေး ရခဲ့မယ်ဆိုရင်ပေါ့...
နေလောင်ဒဏ်ကြောင့်
အညိုရောင် သမ်းနေတဲ့
အဖေ့ရဲ့ နဖူးပြင်ကို
တစ်ရှိုက်လောက်ဖြစ်ဖြစ်
နမ်းရှိုက်ခွင့်ရ ချင်မိတယ် အဖေ...။

အခွင့်ရေး ရခဲ့မယ်ဆိုရင်ပေါ့...
အဖေ့ရင်ခွင် မေးယှက်တင်လို့
အဖေ့ညည်းချင်း တေးသီချင်းကို
နားထောင်ခွင့် ရချင်မိတယ် အဖေ...။

အခွင့်ရေး ရခဲ့မယ်ဆိုရင်ပေါ့...
နဖူးကချွေး ခြေဖမိုးပေါ် ကျတဲ့အထိ
သားတို့အတွက် လှုပ်ရှားရုန်းကန်ရင်း
ပင်ပန်းနွမ်းနယ်နေတဲ့ အဖေ့ကို
ခြေဆုပ်လက်နယ်ပြုရင်း
တစ်ဖန် ကျွေးမွေးစောင့်ရှောက်ခွင့်
ရချင်မိတယ် အဖေ...။

ခုတော့ဖြင့် အဖေရယ်...
အဖေ့ကို ချစ်တဲ့ မိသားစုကို
အဖေက ချစ်တဲ့ မိသားစုကို
စောစီးစွာနဲ့ နှုတ်မဆက်ပဲ
ထားရစ်ခဲ့တယ်နော်...။

ကြာလေ ဝေးလေ...
ဖြေလေ ဆွေးလေ...မို့
အဖေ..ဆိုတာ ဘဝမှာ
ဘယ်တော့မှ မမေ့နိုင်တဲ့
ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့
ကျောက်ထက်က အက္ခရာ တစ်လုံးပါ...။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

No comments:

Post a Comment