Tuesday, August 11, 2015

ကိုယ်...ယုံကြည်နေချင်သေးတယ်...... (မြင့်မိုရ်ထွန်း+++ချယ်ရီမြေ)

ကိုယ်...ယုံကြည်နေချင်သေးတယ် "

အချိန်တွေ နောက်ပြန်လှည့်လို့ရရင်
ကိုယ်..နောက်ပြန်လှည့်လိုက်ချင်ပါတယ်

မိုင်ထောင်ချီ ဝေးတုန်းကတောင်
နွေးထွေးခင်မင်မှုတွေနဲ့
ထုံမွှမ်းခဲ့ကြသေးတာ
နီးနီးလေးရောက်ခါမှ
နာကျင်စရာတွေဖြစ်ခဲ့တော့
ကိုယ်တို့ကံကိုကဝေးကြရမယ့်
ဇာတာ ပါခဲ့သလားပဲနော်

ရှေ့ဖြစ်ကို ကြိုသိခဲ့ရင်
ချိန်းဆိုမှုတွေ ဖြတ်ခဲ့ပါတယ်
မမြင်နိုင် မတွေ့နိုင်တဲ့
အွန်လိုင်းထဲမှာပဲ အရင်လို
တစ်ခါတစ်လေတွေ့
စကားတွေ ဖောင်ဖွဲ့ပြောရင်း
သတိရရင် ဖုန်းလေးဆက်နဲ့
ခင်မင်မှုကို နှစ်သက်ရှည်အောင်
ထိန်းထားခဲ့မိမှာပါ

အဖြေရှာမရတဲ့
လျှိုဝှက်လွန်းတဲ့သူကို
ကိုယ်...ဋီကာတွေ ဖွင့်
ရှင်းချက်တွေ မရှာချင်တော့ဘူး
ပြောမယ် ရည်စူး
မေးမယ် ရည်ညွှန်းခဲ့တာတွေ
ကျန်ရစ်ခဲ့တယ် ဆိုတာလဲ.....
အသိမပေးတော့ဘူး

ပျောက်သောသူကိုလဲ
ရတဲ့အချိန် အွန်လိုင်းတက်
Google search နဲ့ မရှာချင်တော့ဘူး

ဘာပဲဖြစ်ဖြစ်ပါ....
မမြင်နိုင်တဲ့ အကြောင်းတရားကြောင့်
အထင်အမြင် လွဲမှုတွေ ကြုံစေခဲ့ပြီးမှတော့
သိခဲ့ဖူးတဲ့ အကြောင်းအရာတွေထဲက
သူ..ကိုယ့်ကို အမှန်တကယ်
ခင်ခဲ့ဖူးတယ်ဆိုတာလေး...တစ်ခုတော့
ကိုယ်...အမြဲတမ်းယုံကြည်နေချင်သေးတယ်.

(မြင့်မိုရ်ထွန်း+++ချယ်ရီမြေ)

No comments:

Post a Comment