Saturday, November 15, 2014

ပြည်တော်ဝင်ခွင့်” ✏ ဝန်းရံခ(သလ္လာဝတီ)

ပြည်တော်ဝင်ခွင့်”

ကိုယ်ကျိုးကိုစွန့်
အများအကျိုးပဲ လုပ်သလိုလိုနဲ့
ပွဲလန့်တုန်းခင်းတဲ့ ဖျာတစ်ချပ်စာနေရာက
တပ်ပိုင် ဦးပိုင်မြေထက် ကျယ်လွန်းမကကျယ်တယ်....။

ပရိသတ်ပေးတဲ့ လက်ခုပ်သံလောက်နဲ့
ကိုယ့်ကိုယ်ကို ဂုဏ်ယူမာန်ဝင့်တတ်တာက
ဆပ်ကပ်ထဲက တိရိစ္ဆာန်တွေပါကွယ် ....
ဒါနဲ့များ အတ္တကို အိုးမဲသုတ်
အချင်းချင်း ဘာလို့ပြန်ခွပ်နေကြပါလိမ့် ...။

လူ့စွမ်းအားအရင်းအမြစ်ပညာရှင်တွေက
သယံဇာတကို အရင်းအမြစ်မကျန်
ဖျောက်ဖျက်နိုင်တဲ့
တန်ခိုးသတ္တိရှိသားကိုး ...
ဒီလိုနဲ့ မြေစာပင်တို့ရဲ့ စိတ်ဝိညာဉ်ဟာ
နွားနှစ်ကောင် ချိုသွေးတဲ့ကြားမှာ
လည်စင်းခံခဲ့ကြရတယ် ....။

ဆန္ဒကို အရောင်တင်ခွင့်ရှိမယ်ဆိုရင်
မရဏပိုင်တဲ့ ဒီဒေသမှာ
"မကျူးကျော်ရ နယ်မြေ” လို့
အတ္တကို ဆေးထပ်မထိုးကြဖို့ တောင်းဆိုပါရစေ ...။

ကိုယ်ပိုင်မဟုတ်ပေမယ့်
ကိုယ်ဆိုင်တဲ့ ဒီရုပ်ခန္ဓာမြေမှာ
အကျင့်သိက္ခာ နာမ်ဓမ္မတို့
ခြေပြန်ချခွင့်ရချင်တယ် ...။

ဝန်းရံခ(သလ္လာဝတီ)

No comments:

Post a Comment