Sunday, January 4, 2015

အဖြေပေးကြပါဦး 💫 ထွန်းနောင်

"အဖြေပေးကြပါဦး"

"ပို့စ်မော်ဒန် ပို့စ်မော်ဒန်"နဲ့
အော်သံတွေဆူညံခဲ့တာ
ဟိုး . .
ဒဂုန်တာရာတို့ခေတ်ကတည်းက . . ။

မင်းကခုမှ
ပို့စ်မော်ဒန်မနေနဲ့ . . . ။

ငါက
ရှေးရိုးကိုလည်း မဆန့်ကျင်
ပို့စ်မော်ဒန်ကိုလည်း မပစ်ပယ်
ကဗျာလမ်းလယ်မှာပဲရပ်ချင်တယ် . . . ။

"ကဗျာဆိုတာစိတ်ခံစားမှုကို
ဖော်ပြတဲ့စကားလုံးဆိုပြီး
ရေးချင်တာရေးကြမယ်ဆိုရင်
ရှေးတုန်းကဂန္ထဝင်ကဗျာကြီးတွေ
ဘယ်နားသွားထားမှာလဲ?
ပြီးတော့
ခုချိန်ထိ
"ဝဏ္ဏပဘာ ကလျာဖူးစသစ်
ပျိုမြစ်မြစ်"နေကြတာ
ဘာကြောင့်ပါလဲ?

အသံကသာယာ
ရသမှာထူးဆန်း
ဂုဏ်ပိုင်းတွေရောပြွမ်းလို့ရေးဖွဲ့
ဆရာတော်ရှင်မဟာရဋ္ဌသာရရဲ့
ကဗျာဘွဲ့ဟာ
ခုထိမသေခဲ့တာဗျ . . . ။

မနေ့တစ်နေ့ကရေးတဲ့ပို့စ်မော်ဒန်
ဒီနေ့ထိခံသလား . . . ?
ဒီနေ့ထိကျန်သလား . . . ?
လူတွေရဲ့ပါးစပ်ဖျားမှာ . . . ။

ကဲဗျာ
ကျွန်တော်ကမေးလိုက်ပါပြီ
ပို့စ်မော်ဒန်ဆရာကြီးများ
ဖြေတော်မူကြပါဦးဗျား . . . ။

ထွန်းနောင်(ဖောင်းပြင်)

No comments:

Post a Comment